(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မြိတ် မတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား ပညာပေးလက်ကမ်းစာစောင်များကို တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/သူများအား မြိတ်ခရိုင်ရုံး ဝန်ထမ်းများက ယမန်နေ့က စာဖြေဆိုပြီးချိန်တွင် ဝေငှပေးခဲ့ကြသည်။

တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ “ စွမ်းအားရှိသမျှ ကာကွယ်ပေးမယ်” ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်သူ့အစည်းအဝေးမိန့်ခွန်း ကောက်နုတ်ချက်၊ တပ်မတော်၏အား (၁၀)ပါး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ကြားခဲ့သည့် “အမျိုးသားနိုင်ငံရေးကို တာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာထမ်းဆောင်” (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်​ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ပြည်သူချစ်တဲ့ တပ်မတော်ကဗျာ၊ ပညာပေးကာတွန်း စသည့် အချက်များ ဖော်ပြပါရှိသည်။

သတင်းစကား အသိပညာပေး လက်ကမ်းစာစောင်ကို တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/သူများအား လာကြိုကြသည့် မိဘအုပ်ထိန်းသူများ၊ စာမေးပွဲအေးချမ်းစွာဖြေဆိုရန် လာရောက်ကူညီ ဆောင်ရွက်ပေးကြသူများနှင့် စာမေးပွဲဖြေဆိုပြီး ထွက်လာသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး ဝန်ထမ်းများက အ.ထ.က(၂)ကျောင်းအရှေ့၌ ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)