ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေ

ဝေါ အောက်တိုဘာ ၁


ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက် သွားလာရာ၌ နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်သွားကြရန် အသိပညာပေးလှုပ်ရှားမှုကို ယနေ့ နံနက် ၇ နာရီခွဲမှ စတင်ကာ (၁၁)နာရီထိ ဝေါမြို့ဘူတာလမ်းဆုံ၊ အရှေ့ဘက်ကမ်းမင်းလမ်းဆုံ၊ ဝေါမြို့နယ်ခန်းမရှေ့တို့ တွင် အဖွဲ့(၃)ဖွဲ့ခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကြည်၊ ဝေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝေါမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များအား စနစ်တကျလိုက်နာကြရန်နှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ပြီး Mask မရှိသူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယခုချိန်သည် ပညာပေးကာလဖြစ်သည့်အတွက် အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်းနှင့် အောက်တိုဘာလ(၂)ရက်နေ့မှ စတင်၍ နှာခေါင်းစည်း(Mask) မတပ်သူများအား ဒဏ်ငွေ (၃၀၀၀)ကျပ်ရိုက်သည့် စနစ်ဖြင့် အသိပညာပေး ဆက်လက်လုပ်ဆောင်သွား မည်ဖြစ် ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်ဆက်)