စစ်ကိုင်းမြို့ အမှတ်(၃၃)တပ်မဌာနချုပ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေး

စစ်ကိုင်း မတ် ၁၆

စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မြင့်ဟန် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့၊ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်သို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးမှူးက အများပြည်သူများ/ ဝန်ထမ်းများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ မီးလောင်မှုစတင်ဖြစ်ပွားပါက စိတ်ကိုတည်ငြိမ်အောင်ထား၍ စတင်လုပ်ဆောင်ရမည့် အခြေအနေများ၊ မိမိတို့နေ့စဉ်အသုံးပြု ဆောင်ရွက်နေကြသည့် လျှပ်စစ်မီးနှင့် ပတ်သက်သည့် ပစ္စည်းများကို မကြခဏစစ်ဆေးပေးကြဖို့ ကြိုတင်ကာကွယ်ခြင်းသည် ထိရောက် မှုရှိသည့် လုပ်ငန်းစဉ်များဖြစ်သည့်အတွက် အလေးထားပြုမူဆောင်ရွက်သွားကြပါလို့ အထူးဆွေးနွေးလိုကြောင်း စသည်ဖြင့် ပြောကြားပေးခဲ့ပြီး လက်တွေ့မီးငြိမ်းသတ်နည်း အဆင့်ဆင့်တို့ကို ရှင်းလင်းပြသကာ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့် မိသားစုဝင်များက လက်တွေ့ မီးငြိမ်းသတ်နည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် နွေရာသီပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် မြို့ပေါ်နှင့်မြို့နယ်အတွင်းရှိ  အများပြည်သူများနှင့် သက်ဆိုင်သည့် စာသင်ကျောင်းများ၊ ရုံးဌာနများ၊ ဈေးများ၊ ပြည်သူ့ဆေးရုံကြီးများနှင့် ဘုရား/ ကျောင်းကန်/ သိမ်/ ဇရပ် စသည့်နေရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်နည်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)