ထီးချိုင့်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဂိမ်းပြိုင်ပွဲကျင်းပ

ကသာ မတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးများ စာကြည့်တိုက်နှင့် ရင်းနှီးစေရန်၊ စာကြည့်တိုက်တွင် ပျော်ရွှင်စေရန်နှင့် ကာယ၊ ဉာဏစွမ်းရည် တိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီ အချိန်က ဂိမ်းပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဂိမ်းပြိုင်ပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က ပြိုင်ပွဲပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယ ဦးစီးမှူး ဒေါ်ခင်အုန်းမြင့်ကလည်း ကလေးငယ်များအား ဦးဆောင်၍ စကားပုံဆက်ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲ၊ ဘောလုံး ဇွန်းကိုက်ပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲများကို ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစား ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိကြသော ကလေးငယ်လေးများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။                   

ရဲလင်းထွန်း(ထီးချိုင့်)