မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပြိုမိသားစုတို့ကို ကူညီကယ်ဆယ်ပြုပြင်၊ ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

သာပေါင်း မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ပင်အုပ်စု၊ ထန်းတပင် ကျေးရွာအုပ်စုတို့တွင် မိုးသက်လေပြင်းတိုက်ခိုက်၍နေအိမ်ပြိုကျ ပျက်စီးမှုဖြစ်ပွားခဲ့သည့် မိသားစုများအား မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်တို့က ကျေးရွာအရောက်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ မြို့မရဲစခန်း(သာပေါင်း)မှ ဒုရဲအုပ် အောင်နှင်းဝေထက်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန လ/ထဦးစီးမှူး ဦးကျော်ဇင်ထက်နှင့်တပ်ဖွဲ့ဝင်တို့က မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် ကညင်ပင်ကျေးရွာအုပ်စု၊ ဒလယ်အက်ကျေးရွာနေ ဦးချစ်မောင်နေအိမ် အတူနေမိသားစု အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ ပေါင်း(၂)ဦးအား တစ်ဦးလျင်ဆန်ရိက္ခာထောက်ပံ့ငွေ (၂၁၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၄၂၀၀)ကျပ်၊ နေအိမ်ပြန်လည်ပြင်ဆင်ရန်အတွက်ထောက်ပံ့ငွေ(၁၀၀၀၀၀)ကျပ်၊ စုစုပေါင်း(၁၀၄၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂)ပုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ထန်းတပင် ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာနေ ဦးတင်ဝင်း၊ ဒေါ်လှဌေး နေအိမ်(၂) လုံးပြိုကျပျက်စီးမှုအား သွားရောက်ကူညီကယ်ဆယ် ပြုပြင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)