ကျောက်ကြီး မတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း အသိပညာပေး ဗီနိုင်းပိုစတာဖြင့် ဒေသခံကျောင်းသားလူငယ်များအား ပြသခဲ့ကြောင်း သိရသည်။
အဆိုပါပြသမှုတွင် ကျောက်ကြီးမြို့မ ရဲစခန်းမှူး ဒုရဲမှူး အောင်ဌေးဝင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏နောက်ဆက်တွဲအန္တရာယ်များ၊ မူးယစ်ဆေးသုံးစွဲခြင်း၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊ ဆေးခြောက်သုံးစွဲခြင်း၏ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းရင်းများ၊ မူးယစ်အန္တရာယ်လျော့ချရေးနည်းလမ်းများ၊ ကျောင်းသားလူငယ်များအား ရှင်းလင်းပြောကြားပြသခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိကို လူငယ်များကြိုတင်သိရှိပြီး ရှောင်ရှားကြစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ကြရန် ယခုလိုမိမိတို့ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် မြို့နယ်ရဲတပ်ဖွဲ့အကူအညီဖြင့် ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်