ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ၌ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု အန္တရာယ်ကင်းဝေးစေရန် ဧရာဝတီမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးလုပ်ငန်း တည်ဆောက်မှုရာနှုန်းပြည့် တည်ဆောက်ပြီးစီး

ပွင့်ဖြူ မတ် ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု အန္တရာယ်ကင်းဝေးစေရန်နှင့် ဧရာဝတီမြစ်ရေ စီးလမ်းကြောင်း ကောင်းမွန်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးရေအရင်း အမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့်  ရေလမ်းကောင်းမွန်ရေးလုပ်ငန်းကို  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် တည်ဆောက် ပြီးစီးသွားပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသတွင်းရှိ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း မြစ်/ချောင်းများ ရေလမ်းကြောင်းကောင်းမွန်စေရန်နှင့် ကမ်းပါးပြိုကျမှု အန္တရာယ်လျော့နည်း ပပျောက်စေရန်ရည်ရွယ်၍ ရေလမ်းကြောင်းကောင်းမွန်ရေးလုပ်ငန်းများနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာတွင် ဧရာဝတီမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေမှ ခွင့်ပြုငွေကျပ်သန်း (၅၀၀) ခွင့်ပြုချထားခဲ့ပြီး တင်ဒါအောင်မြင်ခဲ့သည့် ရန်ပုံငွေကျပ် ၄၈၇ ဒသမ ၇၄၀ သန်းအား အသုံးပြု၍ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သံကိုင်းကျေးရွာရေလမ်းကြောင်း ကောင်းမွန်ရေး လုပ်ငန်းဖြစ်သည့် အရှည်ပေ ၄၀၈ ပေရှိ နှစ်တန်းသွား ထန်းလုံးတိုင်ရေကာတာလုပ်ငန်းနှင့် အရှည်ပေ ၂၈၀၀ ပေရှိ အရွယ်အစား (၄××၈) R.C.C Porcupine ၂၄၅၀ ခု ရေကာချထားခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က စတင်ကာ တာဝန်ယူတည်ဆောက်ခဲ့ရာ ၂၀၂၃ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ရေလမ်းကောင်းမွန်ရေး တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးခဲ့ကြောင်း  အဆိုပါ တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ(၁) ဦးသန့်ညီအောင်ထံက သိရသည်။

ယခုနှစ်တွင် မကွေးတိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာတွင် ရေလမ်းကောင်းမွန်ရေး လုပ်ငန်းအောင်မြင်စွာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ သံကိုင်းကျေးရွာ အပါအဝင် ဧရာဝတီမြစ်ကမ်းအနီးရှိ ကျေးရွာများမှ ဒေသခံ ကျေးလက်နေပြည်သူများ မြစ်ရေတိုက်စားမှုကြောင့် နှစ်စဉ်ကြုံတွေ့ရသည့် ကမ်းပါးပြိုကျမှု အန္တရာယ်အားကင်းဝေးစေမည့်အပြင် မြစ်/ချောင်းများ ရေစီးလမ်းကြောင်း ကောင်းမွန်စွာစီးဆင်းနိုင်ရေး အထောက်အကူပြု ပေးနိုင်မည်ဖြစ်သဖြင့် ဧရာဝတီမြစ်အတွင်း သဲသောင်ဖြစ်ထွန်းမှုများကို လျော့နည်း သက်သာစေမည်ဖြစ်ကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )