ယင်းမာပင် အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်နယ်၌ ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာ ၈ ရက် နေ့ တွင်ကျင်းပ မည့်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံ စိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ ၁၀၀ ဦး တို့အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အောက်တိုဘာ ၁ ရက်နေ့မှစ၍ သင်တန်းပို့ချ ပေးလျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
“ကျွန်တော်မြို့နယ်မှာ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင်ကျင်းပဆောင်ရွက်မည့် အထွေထွေေရွေး ကောက်ပွဲမှာ မြို့နယ်အတွင်းမှ မဲရုံပေါင်း၁၀၀ရုံရှိတဲ့အတွက် မဲရုံများကိုလာရောက်မဲပေးရာ တွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံရေးနှင့် အထူးရဲများ ဆောင်ရွက်ရမည့် အချက်များကို သိရှိပြီး လိုက်နာကူညီဆောင်ရွက်နိုင်စေရန် သင်တန်းပို့ချပေးခြင််း ဖြစ်ပါတယ်။
အထူးရဲများအနေဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အပါအဝင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်းပြီးမဲရုံလုံခြုံရေးကို တာဝန်ယူဆောင်ရွက် ပေးမှာဖြစ်ပါ တယ်။ ရွေးကောက်ပွဲကာလမှာ မဲဆန္ဒရှင်ပြည်သူများ မဲမပေးနိုင်အောင်ဟန့်တားမှုများ မဖြစ်ပေါ်စေ ရေး၊ မဲရုံပရဝုဏ်အတွင်းမှာ မလိုလားအပ်သော ပြဿနာအနှောင့်အယှက်များ မဖြစ်ပေါ်စေရေးနှင့် မူးယစ် သောက်စား ရမ်းကားဆူပူမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်း၊ ရပ်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ် ” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးခိုင်က ပြောပြသည်။
အဆိုပါ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ ၁၀၀ ဦးကို အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ၂၈ ရက်အထိ သင်တန်းပေး၍ နိုဝင်ဘာ ၁၅ ရက်နေ့အထိခန့်အပ် တာဝန်ပေးမည် ဖြစ်ကြောင်းနှင့် အထူးရဲများအနေဖြင့် ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဝင်ရောက် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိပါက သတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် လျှောက်ထား နိုင်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သန်းဌေးအောင်(ကနီ)