သံတောင်ကြီး မတ် ၁၆
ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး မြစိမ်းရောင်စီမံကိန်းကျေးရွာများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က ထမုံကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များ အချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ စာရင်းဇယားများ ပြည့်စုံအောင် ဖြည့်သွင်းထားရန်၊ အသင်းသားများကလည်း ချေးငွေဖြင့် လုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း အရင်းနှင့် အတိုးများ ပြန်လည်ပေးဆပ်ကြရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြစိမ်းရောင်ရန်ပုံငွေဖြင့် ထမုံကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း မွေးမြူရေးလုပ်ငန်းနှင့် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူအသင်းသားတို့အတွက် စုစုပေါင်း အရင်းမပျောက် လည်ပတ်ရန် ပုံငွေကျပ်(၃၂၅)သိန်းအား မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အသင်းသားများထံ ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ