ဘားအံ မတ် ၁၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပြည်သူ့လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံ စားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ယနေ့မွန်းလွဲပိုင်းက အမှတ်(၂)ရပ်ကွက်၊ မြို့မရဲစခန်း၌ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ကရင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ဆောင်ရွက်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀/-နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၅၀/- နှုန်းဖြင့် လည်းကောင်း၊ မြေပဲဆီတစ်ဗူးလျှင် ငွေကျပ် ၄၀၀၀/- နှုန်းဖြင့်လည်းကောင်း သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံ စားသောက်ကုန်များအား ဒေသခံပြည်သူများနှင့် ပြည်သူ့လုံခြုံရေး ဆောင်ရွက်နေ သော ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများ စားဝတ်နေရေး အဆင်ပြေစေရန် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)