သာယာဝတီ မတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ဆီထွက်သီးနှံနေကြာဧကပေါင်း (၉၀)စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သာယာဝတီမြို့နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏အစီအစဉ်ဖြင့် ဆီထွက်သီးနှံနေကြာစိုက်ပျိုးနိုင်သော မြေအမျိုးအစားအားလုံးတွင် တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး နေကြာသီးသန့်(၁၅)ဧကနှင့် သီးညှပ်(၇၅)ဧက စုစုပေါင်း(၉၀)ဧကတို့ကို အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ခဲ့ပြီး မျိုးကောင်းမျိုးသန့်ပြန်လည်အသုံးပြုဖြန့်ဝေနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သာယာဝတီမြို့နယ်အနေဖြင့် ဆီထွက်သီးနှံနေကြာအား ဆောင်းသီးနှံပဲတီစိမ်း၊ မတ်ပဲစိုက်ခင်းများတွင် သီးထပ်သီးညှပ်စိုက်ပျိုးခြင်းအပြင် ကျွဲသတ်အုပ်စု၊ တိုက်ကြီးကုန်းကျေးရွာ တောင်သူဦးမျိုးမြင့်က နေကြာသီးသန့်(၁၀)ဧကနှင့် ပဲတီစိမ်း၊ မတ်ပဲတို့နှင့်ရောညှပ်၍ စိုက်ပျိုးနိုင်ခဲ့သည်။
ထို့အပြင် ဆင်စခန်းအုပ်စု၊ ငါးအိမ်စုကျေးရွာတောင်သူဦးကျော်နိုင်က (၁၆)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အခြားဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းတို့အား စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဆီထွက်သီးနှံများစိုက်ပျိုးသည့် ရာသီတွင်လည်း ယခုနှစ်ထက် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လျာထားချက်ထက်ကျော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
သန့်ဇော်