ကျုံပျော် မတ် ၁၆
ကလေးများ ယဉ်ကျေးလိမ္မာပြီး သားသမီးကောင်းရတနာများ ဖြစ်လာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ဘုရားကလေးဆိပ် ကျေးရွာတွင် နွေရာသီ ပါရမီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကို ကျေးရွာရှိ အောင်သီတာရုံ ဘုန်းတော်ကြီးကျောင်းတိုက်အေးမြသီတာ ဓမ္မာရုံ၌ မတ်လ(၁၄)ရက်နေ့က စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်း ဖြစ်မြောက်ရေးအတွက် ကျေးရွာသူ၊ ကျေးရွာသားများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ရန်ကုန်မြို့ ရတနာမြိုင်ကျောင်းတိုက်မှ ဆရာတော်ဦးဣန္ဒဝံသ(MA)နှင့် ဆရာတော် ဦးဥက္ကံသတို့မှ ဦးဆောင်သင်ကြားပေးလျက်ရှိကြောင်း၊ ကျေးရွာကလေးများ ယဉ်ကျေးလိမ္မာရှိစေရန်အတွက် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်လျက်ရှိရာ ယခုနှစ်ဖွင့်လှစ်သည့်ခြင်းသည် ပဉ္စမအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။
သင်တန်းသို့ (ကျား) ကလေးငယ် (၃၀)ဦး၊ (မ) ကလေးငယ် (၇၀)ဦး စုစုပေါင်း (၁၀၀)ဦး တက်ရောက် သင်ကြားလျက်ရှိပြီး၊ သင်တန်းကို မတ်လ ၂၅ ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ နွေရာသီအားလပ်ရက်တွင် ကလေးငယ်များအတွက် ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် ဘာသာရေးအခြေခံများ၊ ကိုယ်စိတ်၊ နှလုံးယဉ်ကျေးလိမ္မာစေရန်အတွက် ယခုကဲ့သို့သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းကျေးရွာ၏ ရပ်မိရပ်ဖဦးလှထွန်းထံမှ သိရသည်။
လပြည့်ဦး (ပြန်/ဆက်)