ပေါင်းတည် မတ်လ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ မတ်လ ၁၅ရက်တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူများနေ့ကို ဂုဏ်ပြုအားဖြင့် ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်အတွင်း ရောင်းချနေကြသော စားသောက်ကုန်ပစ္စည်းဆိုင်များနှင့် အလှကုန်ပစ္စည်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့သည် စားသုံးသူများအား ဘေးထွက်ဆိုးကျိုးများ မရရှိစေရန်နှင့် ကာကွယ်စောင့်ရှောက်ရန်အတွက် စျေးကွက်များတွင်ရောင်းဝယ် ဖောက်ကားနေကြသော အလှကုန်ပစ္စည်းများအပါအဝင်၊ စားသောက်ကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ကာ ကမ္ဘာ့စားသုံးသူများနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ ဆက်)