ပွင့်ဖြူမြို့နယ်၌ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်ပြသခြင်းနှင့်  ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ပွင့်ဖြူ မတ် ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ အသိပညာ ပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကိုရက်၊ ယမန်မန်နေ့  မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရည်မှန်းချက်(၆)ရပ်၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကလေးအလုပ် သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့် သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉ ခုနှစ်)နှင့် ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်သည့် ဥပဒေပုဒ်မများ၊ ပြစ်မှုပြစ်ဒဏ်များ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ချက်များ ဖော်ပြပါရှိကြောင်း သိရသည်။

ယင်း အသိပညာပေးလက်ကမ်းစာစောင်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ထုတ်ဝေခြင်းဖြစ်ကာ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းနှင့် ဝန်ထမ်းများက ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးရာ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )