စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန် အထူးရဲသင်တန်း ဖွင့်လှစ်

တမူး အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများကို တမူးမြို့ အမှတ် (၁) အခြေ ခံပညာ အထက်တန်းကျောင်းတွင် အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၇)နာရီ အချိန် မှစ၍ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသင်တန်းတွင် ရာဇဝတ်ကျင့်ထုံးဘာသာရပ်၊ သတင်းမီဒီယာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် သိမှတ်ဖွယ်ရာများ၊ လူ့အခွင့်အရေး ဘာသာရပ်၊ရာဇသတ်ကြီးဥပဒေ ဘာသာရပ်၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစဥ်စနစ်၊ ရဲလက်စွဲဥပဒေ ဘာသာရပ်၊ ရဲ စည်း ကမ်းထိန်းသိမ်း ဥပဒေဘာသာရပ်၊ရဲအက်ဥပဒေ ဘာသာရပ်၊ရဲကျင့်ဝတ်ဥပဒေ ဘာသာရပ်၊ လက်နက်မဲ့စစ်ရေးပြ ဘာသာရပ်နှင့် ကိုယ်လက်ကြံ့ခိုင်ရေး ဘာသာရပ်များကို အောက်တို ဘာလ(၁)ရက်နေ့မှ(၂၈)ရက်နေ့အထိ (၄)ပတ်ကြာလေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

တမူးခရိုင်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံ(၇၆) ရုံအသုံးပြုရန်လျာထား ထားပြီး မဲရုံတစ်ရုံလျင် အထူးရဲ တစ်ဦးနုန်းဖြင့် (၇၆)ဦးခန့်ထား အသုံးပြုသွားမည်ဖြစ်၍ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာကော်မရှင် အဖွဲ့ခွဲများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လုံခြုံရေး တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ပြီး အထူးရဲများကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁)ရက်နေ့မှနိုဝင်ဘာ(၁၅)ရက်နေ့အထိ ခန့်အပ် တာဝန် ပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)