ဘားအံ မတ် ၁၆
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့ မြို့ပြအိမ်ရာ တောင်ဝိုင်းမင်္ဂလာဈေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခန့်က အဆိုပါဈေးတည်နေရာ၌ ကျင်းပသည်။
ဈေးဖွင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များ ဖြစ်သည့် လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး ဒေသတွင်းခရီးသွားလုပ်ငန်း၊ ငွေရေးကြေးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းများအား ဦးစားပေးအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ရောင်းချနိုင်ရေးအတွက် ဈေးများကိုလည်း တည်ဆောက်ပေးလျက်ရှိကြောင်း၊ ဈေးသစ်အား တည်ဆောက်ဖွင့်လှစ်ပေးခြင်း အားဖြင့် ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေလွယ်ကူစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာ မြို့ပြနှင့်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ဒေသခံပြည်သူများအနေဖြင့်လည်း စီးပွားရေး၊ လူမှုရေးများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘားအံခရိုင် အုပ်ချုပ်ရေးမှူးဦးအောင်လွင်က တောင်ကလေး တိုးချဲ့မြို့ပြအိမ်ရာ ဧရိယာအတွင်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူတို့က ဈေးဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက တောင်ဝိုင်းမင်္ဂလာဈေးမုဒ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဈေးဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ ဈေး၏ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်၍ တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၉၂ပေx၅၂ပေ)ရှိ ဈေးရုံအတွင်း အလျား(၆)ပေ၊ အနံ(၇)ပေရှိ ကွန်ကရစ်အုတ်ခုံ၊ သွပ်မိုး ဆိုင်ခန်းအရေအတွက် ၇၂ ခန်း၌ ဈေးသူ ဈေးသားများနှင့်ဒေသခံတိုင်းရင်းသားပြည်သူများ၏ ရောင်းဝယ်ဖောက်ကားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာတွင် ထရန်စဖော်မာငါးလုံးတပ်ဆင်၍ 11 Kv line ( ၂ ဒဿမ ၁ )မိုင်၊ ၄၀၀ ဗို့အားလိုင်း ၃ဒဿမ ၅၈ မိုင်တည်ဆောက်မီးပေးလျက်ရှိပြီး တစ်ကြောင်းထိုးလမ်း ၁၅၂၉၈၃ ပေ၊ ရေမြောင်း ၃၀၅၉၆၆ ပေ တူးဖော်ထားပြီး လမ်းသားအဆင့်မြှင့်တင်မှု ၃၂၀၉၀ ပေ၊ မဟော်သဓာကျောင်းဆောင်တစ်ဆောင်၊ ရေပေးဝေရေးလုပ်ငန်း၊ တန်ဖိုးနည်းဝန်ထမ်းအိမ်ရာ ၅၀ လုံး၊ ဝန်ထမ်းအိမ်ရာများနှင့်ဌာနဆိုင်ရာ(၃၂)ခု၊ ဈေး၊ သုဿန်၊ လူနေအိမ် ၁၈၆ လုံး အစရှိသည့် တည်ဆောက်ရေးလုပ်ငန်းများဖြင့် သိသာစွာတိုးတက်ပြောင်းလဲလျက်ရှိကြောင်း သိရသည်။
စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင် ကူးပြောင်းစို့ ဆောင်ပုဒ်ဖြင့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲသည့်အခါတွင် မိမိတို့ပေးချေရသည့် တန်ဖိုးနှင့် မညီမျှသည့် အရည်အသွေးကို မရသည့်အခါ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများကြုံတွေ့ရပြီး စားသုံးသူအခွင့်အရေးဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ကြောင်း၊ ပြည်သူများသည် စားသုံးသူများဖြစ်ကြသည့် အတွက် စားသုံသူအခြေခံအခွင့်အရေး ၈ ချက်နှင့်အညီ စားသုံးသူအခွင့်အရေးများ ရရှိစေရေး အစိုးရ၊ ပြည်သူ၊ အသင်းအဖွဲ့နှင့် ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးဦးစောခင်မောင်မြင့်က ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အကြောင်း ရှင်းလင်းပြောကြားပြီး ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ကမ္ဘာ့စားသုံးသူ အခွင့်အရေးအရေးများနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော သုံးစွဲရန် မသင့်သောကုန်ပစ္စည်းများနှင့် ဒေသထွက် စားသောက်ကုန်များကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (၂/၂၀၂၃) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လမ်းများ ကောင်းမွန်လာသည်နှင့်အမျှ မော်တော်ယာဉ်များ မဆင်မခြင်အရှိန်မြင့်မောင်းနှင် လာကြသည့်အတွက် ယာဉ်မတော်တဆဖြစ်မှု၊ ထိခိုက်ဒဏ်ရာရမှု၊ လူသေဆုံးမှုများ တိုးလာနိုင်သည့်အတွက် လိုအပ်သည့် ပညာပေးခြင်း၊ စစ်ဆေးကြပ်မတ်ခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းများကို ဖွဲ့စည်းထားသည့် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၊ ခရိုင်/မြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အဖွဲ့များနှင့် ဆပ်ကော်မတီများမှ လူထိခိုက်သေဆုံးမှု လျော့နည်းကျဆင်းလာစေရေး အတွက် အများပြည်သူ များနှင့် ပူးပေါင်း၍ အမှန်တကယ် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သို့မှသာ အမျိုးသားယာဉ အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ (၂၀၂၁-၂၀၃၀) အဓိက ရည်မှန်းချက်ဖြစ်သည့် ယာဉ်မတော်တဆမှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရမှု ၅၀% လျော့ချနိုင်ရေးနှင့် ဖြစ်နိုင်လျှင် (၀)% အထိလျော့ချနိုင်အောင် ဆောင်ရွက်သွားနိုင်ရန်အတွက် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီအဖွဲ့ဝင်များက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ကောင်စီအတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါ်ခင်ခင်စီက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ ကောင်စီအဖွဲ့ဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ထပ်ဆင့်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာကြသော ခရိုင်အဆင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့များက သက်ဆိုင်ရာခရိုင်၊ မြို့နယ်များအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြကာ ကရင်ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြော ကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)