ဟားခါး မတ် ၁၆
၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့သည် ချင်းပြည်နယ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ စားသုံးသူအကာ အကွယ်ပေးရေးနှင့် ပတ်သက်သည့်လှုပ်ရှားမှုမှာ ၁၉၆၀ ခုနှစ် နောက်ပိုင်းမှစ၍ ဥရောပတိုက်နှင့်မြောက် အမေရိကတိုက်တို့မှ စတင်ပေါ်ပေါက်ခဲ့ပါပြီး ၁၉၆၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ညီလာခံ၌ အမေရိကန်သမ္မတ John F.Kennedy ၏ သမိုင်းဝင်ကြေငြာချက်တွင် ထည့်သွင်းပြောကြားရာမှ အရှိန်အဟုန်မြင့်မားကာ ၁၉၇၀ နောက်ပိုင်းနှစ်များရောက်မှသာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ စီးပွားရေးနှင့်လူမှုရေးကောင်စီ၏ တောင်းဆိုချက်ကြောင့် အပြည်ပြည်ဆိုင်ရာ အဆင့်သို့ စတင်ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝှမ်း၌ စားသုံးသူအကာအကွယ် ပေးရေးနှင့် စပ်လျဉ်းသည့် နိုင်ငံပေါင်း ၁၁၅ နိုင်ငံနှင့် စားသုံးသူရေးရာနှင့် စပ်လျဉ်းသည့် အဖွဲ့အစည်းပေါင်း ၂၂၀ ကျော်က တက်ကြွစွာ ဖွဲ့စည်းလှုပ်ရှားဆောင်ရွက်လျက်ရှိပြီး ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း စားသုံးသူပြည်သူများကို အကာအကွယ်ပေးနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၌ စတင်ဖွဲ့စည်းကာ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ပြဠာန်းချက်များနှင့်အညီ အသိပညာ ပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အသိပညာပေးခြင်းနှင့် စားသုံးသူများ၏နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် စားသုံးသူများရရှိမည့် အကျိုးခံစားခွင့်နှင့် ကုစားပိုင်ခွင့်များကို ပိုမိုသိရှိလာကြကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းကြောင့် ထိုက်သင့်သော အောင်မြင်မှုများရရှိခဲ့ပြီး ဖြစ်သော်လည်း ပို၍ပို၍ အောင်မြင်မှုများ ရရှိစေရန် ဆက်လက်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် စီးပွားရေးလုပ်ငန်းပဲ ဖြစ်ဖြစ်၊ မည်သည့် အလုပ်ပဲလုပ်လုပ် မိမိကိုယ်ကျိုးအတွက်ကိုပဲ မစဉ်းစားဘဲ အတ္တနှင့်ပရ မျှတစွာဆောင်ရွက်ရန်လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွာရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူကဏ္ဍ မြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့” ဆောင်ပုဒ်ကိုလည်းကောင်း၊ စားသုံးသူများ၏အခွင့်အရေး (၈) ချက်နှင့် ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိင်ပွဲတွင် ပထမဆု ရရှိသည့်အဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်က လည်းကောင်း၊ ဒုတိယဆုရရှိသည့်အဖွဲအား ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက လည်းကောင်း၊ တတိယဆုရရှိသည့်အဖွဲ့ကို ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး ဒေါ်အေးသိန်းကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် အဖွဲ့အား ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်ကလည်းကောင်း ဆုငွေများပေးအပ်ချီးမြှင့်ကြရာ ဆုရအဖွဲ့များကိုယ်စား အဖွဲ့ဝင်တစ်ဦးစီက လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆုရကျောင်းသား/ကျောင်းသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)