မင်းဘူး မတ် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများတွင် ဆင်းရဲနွမ်းပါးပြီး သဘာဝဘေး ကျရောက်လာပါက ကြံ့ခိုင်မှုမရှိသော နေအိမ်အလုံး (၂၀၀)အား အိုးအိမ်းဖြည့်တင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဝင်း ဦးဆောင်ပြီး မတ်လ ၁၄ ရက်နေ့မှ စတင်ကာ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ သနပ္ပင်စုကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာများ၊ စလင်းမြို့နယ်အတွင်းရှိ သစ်ခွင်ကျေးရွာနှင့် လေးရွာကျေးရွာများရှိ တစ်ရွာလျှင် အိမ် (၅၀)နှင့် စုစုပေါင်း နေအိမ်အလုံး (၂၀၀)တို့အား မိုးကြိုကာလ လေဘေးကြိုတင်ကာကွယ်ရေးအတွက် အိုးအိမ်ဖြည့်တင်း ပြင်ဆင်ခြင်းလုပ်ငန်းများကို ပြုလုပ်ပေးလျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် နွေဦးကာလနှင့် မိုးကြိုးကာလ ရာသီပြောင်းချိန်တွင် လေပြင်းများ တိုက်ခတ်လေ့ရှိသဖြင့် အသိပညာပေးခြင်းနှင့် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ဆင်းရဲနွမ်းပါးအိမ်ထောင်စုများ၊ အိုမင်းမစွမ်းအိမ်ထောင်စုများ၏ နေအိမ်များကို လေပြင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းပါးစေရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အမိုး၊ အကာများနှင့် အခင်းမကောင်းသည့် နေအိမ်ကြမ်းခင်းများ အသစ်လဲလှယ်ပေးခြင်းဖြင့် လေပြင်းဒဏ်ခံနိုင်ပြီး ကြံ့ခိုင်မှုစွမ်းအားများ ကောင်းစေရန် အိုးအိမ်များကို ဖြည့်တင်း ပြင်ဆင်မှုများပေးကာ သွပ်နန်းကြိုးများ တုပ်ဆိုင်းပေးခြင်း၊ ကျားကန်ထောက်မတ်ပေးခြင်း၊ ဝါးထရံ၊ ဓနိ၊ သက်ကယ်များ အသုံးပြုပြီး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာရှင် လူမှုအသင်းအဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)