ရှမ်းရွာသစ် အောက်တိုဘာ ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို ယနေ့နံနက်ပိုင်းက ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဉက္ကဋ္ဌ ဦးမန်းကျော်ဝင်းမော်နှင့် အဖွဲ့ဝင်များတို့က မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာ ထားရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ရန်၊ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ အကျယ်တဝင့် သိရှိနိုင်စေရန်အတွက် သတ်မှတ်ချက်အတိုင်း လိုက်လံနှိုးဆော်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် မဲရုံပေါင်း (၁၆) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၂၃၈၂) ဦးရှိကြောင်း သိရသည်။
စောဝေဠုကျော်(ပြန်/ဆက်)