မြဝတီ အောက်တိုဘာ ၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထား ကြေညာခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာ ပေးထားကြောင်း သိရသည်။
ထိုသို့ ကပ်ထားကြော်ငြာခြင်းသည် ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ်ဖြစ်ပြီး အောက်တိုဘာလ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထား ပေမည်ဖြစ်သည်။
ဆန္ဒမဲ စာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ (၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများဖြစ်ပါက ပုံစံ -၃ (က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင် သင့်သူများပါဝင်ပါက ပုံစံ (၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်း ပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်း များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စီစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြဝတီမြို့နယ်၌ မဲရုံးပေါင်း ၈၃ ရုံသတ်မှတ်ထားပြီး မဲဆန္ဒရှင်ဦးရေ ၁၅၁၀၂၉ ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်