ငဖဲ ဖေဖော်ဝါရီ ၂၈
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြို့မရပ်ကွက် မန်းချောင်းနံဘေး မြို့အရှေ့ဘက် ကိုင်းမြေများတွင် မြေအောက်ရေဖြင့် ပန်ဖူးစားပြောင်းစိုက်ခင်းများ ရာသီမရွေးစိုက်ပျိုးနိုင်၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
"ကျွန်တော်စိုက်တဲ့ပြောင်းမျိုးက ဖန်စီဘက်(တိမ်ပြာကတ်အုပ်စု)မျိုးဖြစ်ပြီး ပြောင်းဖူးစေ့ ၅၀၀ ဂရမ် ၁ဗူးကို ငွေကျပ် ၂၀၀၀၀/-ပေးရပါတယ်။ ကြားကြောင်းဆွဲပြီး အစေ့ချစနစ်နဲ့ ၁၈ လက်မ ကြားချပြီးစိုက်ပါတယ်။စတင် စိုက်ပျိုးပြီး ၃လဆိုရင်ခူးလို့ရပါပြီ။ စိုက်ပျိုးမြေ ၁ဧကကို အပင် ၁၂၀၀၀ လောက်ဝင်ပါတယ်။ ၁နှစ်ကို ၃သီး စိုက်ပျိုးပါတယ်။အရင်နှစ်တွေတုန်းက ပိုးမကျလို့ ဆေးမဖြန်းရဘူး။ ဒီနှစ်တော့ ပိုးအနည်းငယ်ကျလို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကို မေးမြန်းပြီး ဆေးဖြန်းရပါတယ်။ ပြောင်းဖူးများကို ၁ ဖူး ၁၇၅ ကျပ်နှုန်း၊ ပြောင်းဖူးပြုတ် ၁ ဖူးလျှင် ၂၀၀ ကျပ်နှုန်းနဲ့ရောင်းရ၍ နေ့စဉ်ဝင်ငွေရ၍အဆင်ပြေကြောင်း၊ ဖူးစားပြောင်းစိုက်ပျိုးရေးလုပ်ငန်း တွက်ခြေကိုက်ပြီး ခုတ်ပြီးသားပြောင်းပင်တွေကို ခုတ်စဉ်းကျွေးတော့ နွားစာအတွက် လည်းအဆင်ပြေကြောင်း "ငဖဲမြို့မရပ်ကွက်မှပြောင်းစိုက်ပျိုးသောတောင်သူ ဦးမောင်ကိုက ပြောကြားသည်။
ငဖဲမြို့နယ်တွင် ပန်ဖူးစားပြောင်းများကို မြို့မရပ်ကွက်၊ ချောင်းဖြူ၊ နယ်ဇော၊ အိုးမြေတွင်း၊ ဇီးတော၊ ပေါင်းကလေး၊ ပန်းထိမ်း၊ ဆင်ချည်တိုင်ကျေးရွာများတွင် အများဆုံးစိုက်ပျိုး၍ တစ်မြို့နယ်လုံးအနေဖြင့် ဆောင်းသီးနှံ ဖူးစားပြောင်းစိုက်ဧက(၇၀)ရှိကြောင်း သိရသည်။
မယု(ငဖဲ)