မုံရွာခရိုင် ချောင်းဦးမြို့နယ်၌ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ငွေပေးအလုပ် ပေးစနစ်( Cash For Work) စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ချောင်းဦး အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်- ၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ Cash For Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင် ရွက်ပေးခဲ့ရာ ကျေးရွာပေါင်း (၆)ရွာတွင် အဆိုပါစီမံကိန်း လုပ်ငန်းများကို ဇူလိုင်လ တတိယ အပတ်မှ စတင်ဆောင်ရွက်ခဲ့ပြီး၊ စက်တင်ဘာ ၁၅ ရက်နေ့တွင် လုပ်ငန်းများအားလုံး ရာနှုန်း ပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ချောင်းဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ခင်စိုးဝင်း ထံမှသိရသည်။

ချောင်းဦးမြို့နယ်၌ Cash For Work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် မှန်ချိုကျေးရွာ၌ မြေသားရေကန်အနက်နှိုက်ခြင်းနှင့် ရေဝင်လမ်းကြောင်း ပြုပြင် ခြင်း၊ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ ငါးယှန်ကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် မြေသားရေကန် ရေဝင်လမ်း ကြောင်းပြုပြင်ခြင်း၊ ရွှေကူကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် စွန့်ပစ်အမှိုက်ကန်တူးဖော်ခြင်း၊ ထူးနီကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေနှုတ်မြောင်းပြုပြင်ခြင်း၊ ကင်မွန်းတော်ကျေးရွာတွင် ကျေးရွာ တွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ ရွှေလှေကျေးရွာတွင် ကုန်ထုတ်လမ်းဂျင်းခင်းခြင်း လုပ်ငန်း များကို  Materials & Labour Ratio 40 & 60 ဖြင့် COVIDE-19 ကာလအတွင်း အခြေခံ လူတန်းစားများ အလုပ်အကိုင်ရရှိပြီး မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင် ဆောင်ရွက်စေခြင်းဖြင့် ကျေးရွာ(၆)ရွာမှ အိမ်ထောင်စု ပေါင်း(၃၀၀)ကျော်ကို လုပ်အားခငွေများ ထောက်ပံ့ပေးခြင်း ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးခဲ့ ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)