သရက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ပြည်သူ့စကားဝိုင်းကျင်းပ

သရက်  ဖေဖော်ဝါရီ  ၂၈

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာ စာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

အဆိုပါစကားဝိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က အဖွင့် အမှာစကား ပြောကြားပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်းဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေက ပြည်သူ့စကားဝိုင်း ကျင်းပရသည့်ရည်ရွယ်ချက်အား ပြောကြားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ဥပဒေပြုရေးဆိုင်ရာများနှင့် ပတ်သက်၍ဆွေးနွေးပေးပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူပြာက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ကလေးသူငယ်မွေးစားခြင်းဆိုင်ရာ ဥပဒေအကြောင်းအရာများ ဆွေးနွေးပေးခဲ့သည်။ ယင်းနောက် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး စန်းအေးက ကလေးသူငယ် ပြစ်မှုကျူးလွန်မှုဆိုင်ရာဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ပြောကြားပေးပြီး ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးနိုင်အောင်လင်းက ကလေးသူငယ် ပြစ်မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ တရားစီရင်ရေးကို ဆွေးနွေးပေးခဲ့ရာ တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုကို ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။

ဇော်ထက်(သရက်)