ပေါင်းတည် မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက (၇၈)နှစ်မြောက် တပ်မတော်နေ့အကြို ကဗျာရွတ်၊ ပုံပြင်ပြောနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးဆင့်က ကလေးသူငယ်များ နေ့ထူးနေ့မြတ်များကို သိရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာပေချစ်သူများအသင်း ဥက္ကဋ္ဌ စာရေးဆရာဦးအောင်စိုးမင်း မောင်မြေသင်း(ကမ်းသာ)က ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများ ကျင်းပသည်။
အဆိုပါပြိုင်ပွဲများ ကျင်းပရာတွင် ကဗျာရွတ်ပြိုင်ပွဲတွင်(၁၅)ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် (၁၂)ဦးနှင့် ပုံပြင်ပြောပြိုင်ပွဲတွင်(၈)ဦး စုစုပေါင်း (၃၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)