ညောင်လေးပင်မြို့၌ နွေရာသီကျောင်းပိတ်ကာလ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ညောင်လေးပင် မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာအသင်းတို့ ပူးပေါင်းကာ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းအား ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာသင်တန်းမှူး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးဝင်း(မောင်စုမြင်-ညောင်လေးပင်)က အဖွင့်အမှာစကားပြောကြားပြီး ပန်းချီရေးဆွဲရာတွင် လိုအပ်သော အခြေခံအချက်များနှင့် စည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြာပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာအသင်းတို့ ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ပြီး ပန်းချီစိတ်ဝင်စားသူ သင်တန်းသား၊ သင်တန်းသူ (၄၂)ဦး တက်ရောက်ခဲ့ပြီး နေ့စဥ်နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး (၁၅-၃-၂၀၂၃)ရက်နေ့မှ(၂၄-၃-၂၀၂၃)ရက်နေ့ထိ (၁၀)ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်