ပေါင်းတည်မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပေါင်းတည် မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတညမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသော နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အားကစားကွင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်ကာယပညာကော်မတီဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်​သည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးမှူး ဒေါ်နီလာဝင်းက အဖွင့်အမှာစကားပြောကြားရာ၌ ရပ်ကွက်နှင့်ကျေးရွာများရှိ ရွက်ပုန်းသီး အားကစားသမားများကို စွမ်းရည်မြှင့်တင်ပေးနိုင်ရေး၊ ကမ္ဘာ့အားကစားလောကသို့ အဆင့်မြင့် မြန်မာ့အားကစားသမားများ ဝင်ရောက်နိုင်ရေး၊ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်လာစေရေး၊ စည်းကမ်းလိုက်နာ နိုင်စေရေးနှင့် အားကစားစွမ်းရည်တိုးတက်လာစေရေးတို့အတွက် ရည်ရွယ်၍ လူငယ်နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များက အားကစားစွမ်းရည်များကို သရုပ်ပြသဖျော်ဖြေတင်ဆက်ကြသည်။ ယင်းနောက်ဆုပေးပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် အမှတ်တရပစ္စည်းများကို ကံစမ်းမဲများဖောက်၍ ပေးအပ်ကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ညနေ ၅ နာရီခွဲတွင် ပြီးမြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်းနှင့်အေရိုးဗစ် အခြေခံအားကစားနည်းများပါဝင်ကာ၊ မူလတန်း၊ အလယ်တန်းနှင့်အထက်တန်း ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ် ၁၃၀ ဦး ကို မတ်လ ၁ ရက်မှ ၁၄ ရက်အထိ လေ့ကျင့် သင်ကြားပေးခဲ့ကြကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

သူရကြီး(ပြန်/ဆက်)