ရွှေကျင်မြို့တွင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရွှေကျင် မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း (Book Club)တို့ပူးပေါင်း၍ စာရေးဆရာ ထက်ဝေအောင်(စစ်ကိုင်း)ရေးသားသည့် “ပန်းတိုင်းပွင့်ခွင့်ရှိပါသည်နှင့်အခြားကလေးဝတ္ထုတိုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ ရည်ရွယ်ချက်များကိုပြောကြားပြီး စာအုပ်တွင် ပါရှိသော “စိတ်ကူးချိုချို အခန်းနှင့်ဘဝသင်ခန်းစာတစ်ခု” အခန်း၊ (Women Club)အဖွဲ့ဝင် ဒေါ်‌ထွေးကြည်က “အရေးပါသောလာဘ်ကြီးတစ်ပါးအခန်းနှင့်ဇွဲတံခွန်ထူလျှင်”အခန်း၊ အဖွဲ့ဝင် ဒေါ်‌ခင်‌ဌေးက “ရတနာလိုသူအခန်းနှင့်မိုက်နောင်တ”အခန်းကိုလည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ စာအုပ်၏အနှစ်သာရများနှင့် လေ့လာ မှတ်သားစရာများဖြစ်သည့် လူမှုဘဝအတွေ့အကြုံများ၊ အပြောအဆို အနေအထိုင်များနှင့် သုတ/ရသ ရရှိပုံများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏အတွေ့အကြုံများ၊ အသိပညာတို့ကိုရရှိ‌စေသည့်အပြင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)