ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ မတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ရပ်ရွာအေးချမ်း သာယာရေးအတွက် လုံခြုံရေးအထူးဂရုပြုကြရန်၊ ကျေးရွာများသန့်ရှင်းသာယာရေးလုပ်ငန်းများ အပတ်စဥ်စုပေါင်းဆောင်ရွက်သွားရန်၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောက်ရွက်လျက်ရှိသော စိုက်ပျိုးမြေများတွင် စပါးရိတ်သိမ်းမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြရန် ဆွေးနွေးမှာကြားခဲ့ပြီး ရဲမှူးသက်နိုင်ဦးက ရပ်ရွာအေးချမ်းသာယာရေးဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ရပ်ရွာအတွင်း ခိုး၊ ဆိုး၊ လုယက်မှုများနှင့် လောင်းကစားမှုများ မဖြစ်ပေါ်စေရေးအတွက် ကျေးရွာအုပ်စုမှူးများဦးဆောင်၍ ကြပ်မတ်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာများက စိုက်ပျိုးရေးနှင့် ရောဂါပိုမွှား ကာကွယ်ရေးနည်းလမ်းများ၊ ကျေးရွာလမ်းတံတားများ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို ဆွေနွေးမေးမြန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် ဌာနဆိုင်ရာများ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အေဇာလင်း