ကျိုက်လတ် မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဖောင်ရိုးချောင်းကျေးရွာအုပ်စု၊ ဘုရားလေးစု ကျေးရွာ၊ တောင်သူဦးအုန်းမြင့်၏ ကွင်းအမှတ်(၆A)၊ ဦးပိုင်အမှတ်(၆c/၈)ရှိ စိုက်ခင်းတွင် ကျိုက်လတ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးသောဆောင်းသီးနှံ နေကြာသီးသန့်(၉)ဧကမှ ဆင်းရွှေကြာ(၂) အမျိုးအစား ၂ ဧက (၆.၆)ပေပတ်လည် ဆောင်းသီးနှံ နေကြာစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခန့် က ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်းသီးနှံ နေကြာစံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဖုန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
နေကြာစိုက်တောင်သူ ဦးအုန်းမြင့်၏ လယ်မြေတွင် ဆောင်းသီးနှံ နေကြာစံကွက်ရိတ်သိမ်းပြီး တစ်ဧက အထွက်နှုန်း အစိုတင်း(၃၇.၂၀)တင်း၊ အခြောက်အထွက်တင်း(၃၀.၉၂)တင်းနှုန်း ထွက်ရှိကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)