ကြံခင်း မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့များ ပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “ခေါင်းဆောင်မှု ပညာ သိကောင်းစရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြသည်။
စာဖတ်ဝိုင်းကျင်းပရခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်နှင့် စာပေမှရရှိသော အသိပညာဗဟုသုတ တိုးပွား စေရန်၊ ဖတ်၊ မှတ်၊ လေ့လာထားသည်များကို အပြန်အလှန် ပူးပေါင်းညှိနှိုင်း ဆွေးနွေးတတ်စေရန် ရည်ရွယ် ကျင်းပကြောင်း ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်မှ ရှင်းလင်းပြောကြားသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့အတွင်းရေးမှူး ဦးအေးမြင့်အောင်မှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “ခေါင်းဆောင်မှုပညာ သိကောင်းစရာ” စာအုပ်မှ အနာဂတ်ခေါင်းဆောင် ကောင်းများ ဖြစ်လာစေရန် ခေါင်းဆောင်ကောင်းများ၏ ခံယူချက်နှင့် ကျင့်ဝတ်၊ လက္ခဏာများ၊ ထားရှိရမည့် အသိအမြင် ခံယူချက် အလေ့အကျင့်ကောင်းများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာကြသော စာပေ ချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့ဝင်များက မိမိတို့၏ သဘောထားအမြင်များအား အပြန်အလှန် ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သုတ၊ ရသ စာအုပ်၊ စာစောင်မျိုးစုံအား ခင်းကျင်းပြသထားရာ စာပေချစ်မြတ်နိုးသူများက စိတ်ပါ ဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)