ကျောက်ကြီးမြို့နယ် Community Centre ခန်းမ၌ ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း(၁/၂၀၂၃)ဖွင့်လှစ်

ကျောက်ကြီး မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းပြီး ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း(၁/၂၀၂၃)အား သင်တန်းသား(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်ရခြင်းမှာ ကျောက်ကြီးမြို့နယ်တွင် ရှေးဦးပြုစုခြင်းပညာပြန့်ပွားစေရန်နှင့် ကြက်ခြေနီလူမှုဂရုဏာလုပ်ငန်းများအား ပြည်သူများပိုမိုသိရှိလာစေရန် မတော်တဆထိခိုက်မှုများ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာစဥ် စနစ်တကျတုံ့ပြန်ကူညီတတ်စေရန်၊ အနာဂတ်ကြက်ခြေနီ လူငယ်မျိုးဆက်သစ်များပေါ်ထွက်လာစေရန်နှင့် အများပြည်သူများ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်၊ ကျန်းမာရေးအသိပညာများမြှင့်တင်ရန်၊ ဘေးဒုက္ခကျရောက်သူများအား ကြက်ခြေနီအခြေခံမူများနှင့်အညီကူညီရန်၊ ရှေးဦးပြုစုခြင်းပညာလူထုအတွင်းပြန့်နှံ့ရန်၊ ကြက်ခြေနီသင်္ကေတအရေးပါမှုအား သိရှိရန်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ရုံးနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းပြီး သင်တန်းဖွင့်ရခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး မင်းမြတ်ဘုန်း ပြောကြားချက်အရ သိရသည်။

ကျောက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ်များ အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့်ကာလတွင် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရှေးဦးပြုစုခြင်း ပညာတတ်မြောက်ထားသည့် စေတနာလုပ်အားရှင်များရှိနေခြင်းကြောင့် ဖြစ်ပေါ်လာသည့်ဘေးများတွင် ပြည်သူလူထုနှင့် ထိခိုက်ခံစားရသူရှိသူများအား စနစ်တကျကူညီကယ်တင်နိုင်ရန်အတွက် စေတနာလုပ်အားရှင်စိတ်ရှိသူများ မြို့နယ်အတွင်းများပြားလာပါက မြို့နယ်အတွက်များစွာ အထောက်အကူရရှိနိုင်ရေး သင်တန်းပေးရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးအရာရှိ ဒေါ်အိအိမွန် ပြောကြားချက်အရ သိရသည်။

အဆိုပါသင်တန်းအား ကျောက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ သင်တန်းသား(၃၀)ဦး တက်ရောက်ကြပြီး မတ်လ ၁၅ နေ့မှ ၁၇ ရက်နေ့ အထိ (၃)ရက်တာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ သင်တန်းနည်းပြများမှ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)