ပွင့်ဖြူ မတ် ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဝန်ထမ်းများနှင့် မိသားစုဝင်များ ကျန်းမာရေးအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ကျန်းမာရေးအသိစိတ်ဖြင့် စနစ်တကျနေထိုင်သွားနိုင်ရန်အတွက် မတ် ၁၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မိသားစုအခြေပြု၊ လုပ်ငန်းခွင်အခြေပြု မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်လစ်ဟင်းမှု မဖြစ်စေရေး အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာ၌ ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိဖြင့် နေထိုင်သွားရန်လဲ လိုအပ်ကြောင်း၊ အထူးသဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းများကို ရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊ မူးယစ်းဆေးဝါးများ သုံးစွဲခြင်းသည် ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေနိုင်သည့်အပြင် လူမှုပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေနိုင်သည့်အတွက် မိသားစုအခြေပြု၊ လုပ်ငန်းခွင်အခြေပြု မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ မသုံးစွဲကြဖို့ ကြိုတင် တားဆီးကာကွယ်ကြစေလိုကြောင်း ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဝန်ထမ်းများနှင့် မိသားစုဝင်များက မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆင်ခြင်သတိပြုရမည့် ဆောင်ရန်ရှောင်ရန်များနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာ၌ တွေ့ကြုံရသည့် လုပ်ငန်းအားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)