ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ကြံသီးနှံဧက နှစ်သောင်းကျော်စိုက်ပျိုးထားရှိ

ပေါက်ခေါင်း      မတ်     ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နှစ်က ကြံသီးနှံဧကနှစ်သောင်းကျော်စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ယခု ၂၀၂၃ ခုနှစ်တွင်လည်း ကြံသီးနှံ(၂၀၄၉၇)ဧကကို  တောင်သူများ၏ယာမြေများတွင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကြံသီးနှံကို နှစ်စဉ်ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် ခုတ်သိမ်းရောင်းချနိုင်သည်။ ကြံစိုက်တောင်သူအများစုအနေဖြင့် ခုတ်သိမ်းပြီးကြံများကို ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွသကြားစက်၊ ပြည်မြို့နယ်ရှိနဝဒေးသကြားစက်ရုံများသို့ တင်ပို့ရောင်းချ‌ကြောင်း၊ ယခုနှစ်တွင်မူ ကြံသကာဈေးကွက်ကောင်းသဖြင့် ကြံသကာချက်ပြုလုပ်ရောင်းချသူများလည်းရှိကြောင်း၊ ကြံသကာချက်လုပ်ရောင်းချရာတွင် အကျိုးအမြတ်ပိုမိုရရှိကြောင်းတောင်သူတစ်ဦးက ပြောကြားသည်။ ကြံတစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် သင့်တော်သောအချိန်နှင့် ရာသီမီစိုက်ပျိုးနိုင်ရေးနှင့် ကြံမျိုးကောင်းအထွက်ကောင်းမျိုးအသုံးပြုရေး၊ လမိုင်းခင်းများကိုလည်း သေချာစနစ်တကျပြုပြင်ထားရှိခြင်းနှင့် ကြံမျိုးကောင်းနှင့်စိုက်ပျိုးရေးဦးစီးဌာနမှ ကြံအထွက်နှုန်းတိုးတက်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာအချိုးကျသုံးစွဲဖို့နဲ့ အပင်ကြီးထွားချိန်ပိုးမွှားကျရောက်လာပါက ကာကွယ်နှိမ်နင်းခြင်းနှင့်နည်းပညာပေး ကူညီပံ့ပိုးပေးခြင်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ ကြံသီးနှံစိုက်တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေစေရန်အတွက်  ပေါက်ခေါင်းမ်ြု့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ကြံသီးနှံစိုက်တောင်သူများအတွက် ကြံတစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း ထုတ်ချေးပေးထားကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)