မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး

မကွေး မတ် ၁၅

၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ(၈)ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပလျက်ရှိပြီး၊ မကွေးတိုင်းဒေသကြီးအတွင်း စာဖြေဌာနများတွင် ကျောင်းသား၊ ကျောင်းသူများတည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးကြိုတင်စီမံများဖြင့် ဆောင်ရွက်ထားရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနသို့သွားရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအားကြည့်ရှု၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပပြီးစီးရေးအတွက် တာဝန်ရှိသူများက ကြိုတင်စီမံဆောင်ရွက်မှုလက်ရှိ အခြေအနေများကဲ့သို့ အထူးအလေးထား ဆောင်ရွက်ကြရန် မှာကြားဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၃-ခုနှစ် မတ်လ(၈)ရက်နေ့မှစတင်၍ ဧပြီလ(၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်း စာဖြေဌာနပေါင်း(၅၃)ခုတွင် ယနေ့ရူပဗေဒဘာသာရပ် ဖြေဆိုမှုစာရင်းများအရစာရင်းရှိ(၁၁၆၀၈)ဦးရှိပြီး၊ ဖြေဆိုသူပေါင်းက(၁၀၅၉၃)ဦးရှိကာ ပျက်ကွက်သူ(၁၀၁၅)ဦးရှိ၍ ဖြေဆိုမှုရာခိုင်နှုန်းအားဖြင့် (၉၁.၂၆%)ရာခိုင်နှုန်းဖြေဆိုခဲ့ကြောင်း တိုင်းဒသကြီးပညာရေးမှူးရုံးမှသိရှိရပြီး၊ တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စီစဉ်ဆောင်ရွက်ထားရှိပြီး၊ စာမေးပွဲဖြေဆိုနေချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် အပြင်စည်းလုံခြုံရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ စာဖြေဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ဖြေဆိုစဉ် ထူးခြားမှုမရှိ အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ