ဆိပ်ဖြူ မတ် ၁၅
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကြက်သွန်နီကုန်စည်ဒိုင်သို့ ဒေသခံတောင်သူများ စိုက်ပျိုးကြသည့် ကြက်သွန်နီကုန်ဝင်များပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်သည် ဒေသခံတောင်သူများက ကြက်သွန်နီကို မိသားစုဝင်ငွေရရှိရေးအတွက် အဓိကစိုက်ပျိုးဆောင်ဆောင်ရွက်ကြပြီး ထွက်ရှိသောကြက်သွန်နီများကို ဆိပ်ဖြူကုန်စည်ဒိုင်သို့ နေ့စဉ်တင်ပို့ရောင်းချပြီး ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင်သို့ နေ့စဉ်ကုန်ချိန် တစ်သိန်းအထက်ဝင်ရောက်၍ အရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။
ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင်က ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင် ကြက်သွန်နီအရောင်းအဝယ် နေ့စဉ်ဈေးနှုန်းအပေါ်မူတည်၍ ဒေသခံများထံမှ ရောင်းဝယ်မှုပြုလုပ်နေကြောင်း၊ လက်ရှိကြက်သွန်နီဈေနှုန်းမှာ အမြင့်ဆုံးဈေးတစ်ပိဿာ (၁၀၀၀)ကျပ် အထက်တည်ရှိပြီး၊ အနိမ့်ဆုံးဈေး(၈၀၀)ကျပ်အထိရှိကြောင်း၊ ယနေ့ကြက်သွန်နီအရောင်းအဝယ်ဈေးမှာ တစ်ပိဿာအမြင့်ဆုံးဈေး (၁၀၂၅)ကျပ်၊ အနိမ့်ဆုံးဈေး (၈၀၀)ကျပ်ဖြင့် ဝယ်ယူနေကြောင်း ကုန်အဝင်(၁၁၅၀၀၀)ပိဿာ အထိဝင်ရောက်လျက်ရှိကြောင်း၊ ကြက်သွန်နီကို ဆိပ်ဖြူမြို့နယ်မှ ရန်ကုန်မြို့သို့ အဓိကတင်ပို့ရောင်းချသလို မြဝတီမြို့နှင့် အခြားသောမြို့နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ လက်ရှိကြက်သွန်နီတင်ပို့ရောင်းချမှုအနေဖြင့် နေ့စဉ်ကုန်ချိန်(၇၀၀၀၀)နှင့် (၉၀၀၀၀)ပိဿာကျော် တင်ပို့ရောင်းချနေရကြောင်း၊ ကြက်သွန်နီစိုက်ပျိုးတောင်သူများက စိုက်ခင်းမှတူးဖော်ပြီး အလျော့တွက်နည်းချိန်နှင့် လက်ရှိဈေးဖြင့် အဆင်ပြေမှုရှိပြီး နေ့စဉ်ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာ(၁၀၀၀)ကျပ်ဝန်းကျင်ဖြင့် ဈေးတည်ငြိမ်လျက်ရှိကြောင်း ဒေသခံတောင်သူများနှင့် ကြက်သွန်နီကုန်သည်များထံမှ သိရှိရသည်။
ကိုဇွဲ(အညာမြေ)