သာပေါင်း မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးထိခိုက်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများထံ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် သာပေါင်းမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးရှေ့၌ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ထိခိုက်ခံစားခဲ့ရသူများနှင့် သက်ဆိုင်ရာကိုယ်စားလှယ်များထံသို့ ပေးအပ်ခဲ့ကြသည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မတ်လ ၁၃ ရက်နေ့က ထန်းတပင်ကျေးရွာတွင် နေအိမ် (၂) လုံး ပြိုကျပျက်စီးထိခိုက်ဆုံးရှုံးခဲ့သည့်အတွက် အိမ်ပြိုပျက်စီး မိသားစုအတွက် ပစ္စည်း(၁၉)မျိုးပါ တကိုယ်ရည်သုံးပစ္စည်းများ (Hygiene kit) (တစ်လစာ) တစ်အိမ်ထောင်လျှင် (၁) လုံး ထောက်ပံ့ပစ္စည်းများကို ထိခိုက်ခံစားရသူများနှင့်သက်ဆိုင်ရာ ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အလှူရှင်များ၏ပံ့ပိုးကူညီမှုဖြင့် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းဖြစ်ပြီး သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)