ရေတာရှည် အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ကိုဗစ်−၁၉ ကာလ သက်ကြီးရွယ်အို ဘိုးဘွားများနှင့် ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က နိုင်ငံတော်မှ ထောက်ပံ့ ပေးအပ်သည့်ငွေများအား အမှန်တကယ် လိုအပ်လျက်ရှိသူများထံ တိကျမှန်ကန်စွာ ပေးအပ် နိုင်ရေးကို အလေးထား လုပ်ဆောင်ကြရန် ပြောကြားခဲ့ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၅ ခု၊ အိမ်ထောင်စုပေါင်း ၂၆၂၃၂ စုအတွက် တစ်စုလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ကျပ် ၅၂၄,၆၄၀,၀၀၀ ကိုလည်းကောင်း၊ အသက် ၈၀ နှင့် ၈၄ နှစ်အဘိုးအဘွား ၁၃၃၅ ဦးအား ကိုဗစ်−၁၉ ကာလထောက်ပံ့ကြေး တစ်ဦးလျှင် ကျပ် သုံးသောင်းနှုန်းဖြင့်လည်းကောင်း၊ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၉၃၅ ဦးအား လူမှုရေးပင်စင် သုံးလစာအတွက် ကျပ် သုံးသောင်းစီ အားလည်းကောင်း ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဆု (ပြန်/ဆက်)