တမူး မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲကို ယနေ့နေ့လယ် (၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးညီညီဇော်မှ သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးခင်မောင်ထွေးမှ အခြေခံပန်းချီပညာရပ်များနှင့် သင်ကြားပေးမည့် ပန်းချီဘာသာပညာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ကျောင်းသား/သူလူငယ်များ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရေး၊ နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကျောင်းသား/သူများအား အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီရေးဆွဲနည်းပညာကို စိတ်ပါဝင်စားသော ကလေးငယ်များအား ပန်းချီပညာကို အခြေခံမှ စတင်လေ့လာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပြီး သင်တန်းနည်းပြ ဆရာ ဦးခင်မောင်ထွေးနှင့် သင်တန်းနည်းပြဆရာမ ဒေါ်သိင်္ဂီစိုးမှ အခြေခံပန်းချီရေးဆွဲနည်းများ၊ မျဥ်းအကြောင်း၊ ဆတိုး/ဆခွဲနည်း၊ ကာတွန်းခေါင်းပုံသဏ္ဍန်ရေးဆွဲနည်း (မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်)၊ ခန္ဓာကိုယ်ရေးဆွဲနည်း၊ ကာတွန်းအချိုး အစား၊ သစ်ပင်ပန်းမာလာရေးဆွဲနည်း၊ အနီးအဝေး နည်းပညာ၊ အရာဝတ္ထုရေးဆွဲနည်းများကို မတ်လ(၁၄)ရက်နေ့မှ (၃၀)ရက်နေ့ထိ ကျောင်းသား/သူ (၁၅)ဦးတို့အား ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရတနာ