သုံးဆယ်ရေလှောင်တမံ ဆည်‌ရေသောက်တောင်သူများနှင့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍမြှင့်တင်ရေး ပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

သာယာဝတီ မတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အင်းရွာတောင်သူလယ်သမား သင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲက ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၉)၊ သာယာဝတီမြို့မှဦးဆောင်၍ “ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍမြှင့်တင်ရေး” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သာယာဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုမှ အဖွင့်အမှာစကားပြောကြားပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၉)၊  ဒုတိယညွှန်ကြားရေးမှူး ဦးသာယာမှ သုံးဆယ်ရေလှောင်တမံ ဆည်ရေစီမံခန့်ခွဲမှု၊ WUG အဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် နွေစပါးရေပေးဝေမှုအခြေအနေ၊ လျာထားဧကပြည့်မှီရေးတောင်သူများနှင့်ဌာနဆိုင်ရာများ အချိတ်အဆက် မိမိကြိုးစားဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)၊ ဆည်ရေစီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့မှအတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝင်းဆွေမှ ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်(PIM)နှင့် ပတ်သက်သော အကြောင်းအရာများအား ပညာပေးရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါရေအသုံးပြုသူတောင်သူများမှဆည်ရေအသုံးပြုမှုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး တာဝန်ရှိသူများမှ တင်ပြပါအကြောင်း အရာများနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ ရေအသုံးချသူများအဖွဲ့(WUG) ခေါင်းဆောင်(၆)ဦးနှင့်အဖွဲ့ဝင်(၅၅)ဦးတို့ တက်ရောက်ခဲ့ကြသည်။

သန့်ဇော်(ခရိုင်ပြန်/ဆက်)