ပွင့်ဖြူ မတ် ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာနှင့် ညောင်ပင်စောက်ကျေးရွာသို့ ဆက်သွယ် ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းမှာ မိုးရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးနေသဖြင့် ဒေသခံကျေးလက်နေ ပြည်သူများ ရာသီးမရွေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးခဲ့သဖြင့် ယခုအခါ ကျေးရွာနေပြည်သူများ အဆင်ပြေစွာ သွားလာအသုံးခွင့်ရရှိ၍ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေး ရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။
အဆိုပါ ပွင့်ဖြူမြို့နယ် မုန်းဇလဲ-ညောင်ပင်စောက် ကျေးရွာချင်းဆက်လမ်းမှာ အရှည်ပေ တစ်မိုင် ၂ ဖာလုံ ကျော်ခန့်ရှိပြီး မိုးရေတိုက်စားမှုဒဏ်ကြောင့် လမ်းပျက်စီးမှုများဖြစ်ပေါ်နေ၍ ဒေသခံကျေးလက်နေပြည်သူများ ကူးလူးဖြတ်သန်းသွားလာရာ၌ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း သိရ၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေကျပ် ၁၅ သန်းဖြင့် ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာအသုံးပြုနိုင်ရေးအတွက် လမ်းအကျယ် (4.88m)၊ လမ်းအမြင့်ထု (100mm)ရှိ မြေနီကျောက် စရစ်လမ်းအဖြစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့က စတင်ပြီး စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့ရာ မတ် ၂ ရက်နေ့တွင် ရာနှုန်းပြည့် ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း အဆိုပါ ညောင်ပင်စောက် ကျေးရွာမှ ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။
ယခုအခါ မုန်းဇလဲ-ညောင်ပင်စောက် ကျေးရွာချင်းဆက်လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းမှာ ဆောင်ရွက် ပြီးစီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ တစ်ရွာနှင့်တစ်ရွာ လွယ်လင့်တကူ ကူးလူးဖြတ်သန်းသွားလာခွင့် ရရှိသွားပြီဖြစ်ကာ လယ်ယာမြေများမှထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း အဆင်ပြေစွာသယ်ယူပို့ဆောင်သွားနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအကျိုးပြုနိုင်စေမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )