မြို့သစ် ၊ မတ် ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ “ရူပဗေဒဘာသာရပ်အား ယနေ့နံနက် ၉ နာရီမှစ၍ ဖြေဆို လျက်ရှိရာ ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန(၂)ခုဖြင့် ဖြေဆိုလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်လျက်ရှိပြီး မြို့နယ်ပညာရေးမှူးနှင့် ကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်အားဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျောင်းသား (၂၉၉) ဦးနှင့် ကျောင်းသူ (၄၁၁)ဦး စုစုပေါင်း (၇၁၀) ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား (၂၇၅) ဦးနှင့် ကျောင်းသူ(၃၉၄)ဦး စုစုပေါင်း(၆၆၉)ဦးရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၄ ဒဿမ ၂၃)နှင့် ပျက်ကွက်ရာခိုင်နှုန်း (၅ဒဿမ၇၇)ဖြစ်ကြောင်း မြို့သစ်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
သန်းဝင်းထွန်း(IPRD)