ကမမောင်း မတ် ၁၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် အကြောင်းကို ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဖာပွန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်ခင်ထွန်းက အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ရုပ်သံကျွမ်းကျင်-၃(အင်အားပြ) ဦးသန့်ဇင်ဝင်းက လူကုန်ကူးခြင်းသည် ကလေးသူငယ်များကို အဓိက ပစ်မှတ်ထား၍ လုပ်ဆောင်နေကြောင်း၊ ယခုအချိန်တွင် မည့်သူကိုမျှမယုံကြည့်သင့်ကြောင်း၊ မိမိမသိသော မည်သူမဆို ခေါ်ပါက မလိုက်သင့်ကြောင်း၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း သိကောင်းစရာများ၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များ အကြောင်းနှင့် သတိပြုရမည့်သူများ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ (Talk Show) ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
သန့်ဇင်(ပြန်/ဆက်)