ပလောက်မြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ပလောက်  မတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အကြို စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြူလွင်နှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ချိုချိုဌေးတို့က စားသုံးသူ‌ရေးရာဦးစီးဌာန၏ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကို စတင်ကျင်းပခဲ့သည့်ခုနှစ်၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့ (Consumer International) မှ ထုတ်ပြန်သည့်ဆောင်ပုဒ်၊ စားသုံးသူ အခွင့်အရေးများနေ့ ဆောင်ပုဒ်စသည့် ဗဟုသုတရဖွယ်များကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများအား ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူ့စာကြည့်တိုက် Online Facebook Page မှလည်း ကလေးများအတွက် ပုံပြင်၊ ကဗျာရွတ်၊ စာအုပ်မိတ်ဆက်၊ အစီအစဉ်များနှင့် အခြားဗဟုသုရဖွယ်ကဏ္ဍများကိုလည်း လွှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)