မုံရွာ မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ၊ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေး ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုအစည်းအဝေးသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းကော်မတီအသီးသီး၏ ဆောင်ရွက်ချက်များအား တင်ပြပေးစေလိုသဖြင့် ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီအသီးသီးသို့ ခွဲဝေချထားပေးခဲ့သည့် ရန်ပုံငွေများအား သုံးစွဲပြီးစာရင်း လက်ကျန်ငွေစာရင်း တင်ပြပေးရန်နှင့် ယခုမတ်လသည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးမည့် လဖြစ်ပါ၍ ရန်ပုံငွေများစီစစ်နိုင်ရန် တင်ပြပေးစေ လိုပါကြောင်း၊ ရန်ပုံငွေများသုံးစွဲရာမှာလည်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်သုံးစွဲလိုပါကြောင်း၊ အခြားသောကော်မတီများမှလည်း ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများနှင့် ကုန်ကျမည့် အသုံးစရိတ်များအား ယခုအစည်းအဝေးတွင် တင်ပြပေးစေလို ပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် သဘာဘေးအန္တရာယ်အမျိုးမျိုး ကျရောက်လေ့ရှိပြီး ဘေးအန္တရာယ် အမျိုးမျိုး၏ ဖျက်ဆီးနိုင်သည့်အစွမ်းသည် မိသားစုများအားလည်းကောင်း၊ လူတစ်ဦးချင်းစီကို လည်းကောင်း၊ ဆင်းရဲခြင်း၊ အစားအစာဖူလုံမှုမရှိခြင်း၊ နေရာပြောင်းရွေ့နေထိုင်ရခြင်း၊ စီးပွားရေး အကျပ်အတည်းများအား ဖြစ်ပေါ်စေခြင်းတို့ကြောင့် မိသားစုများအနေဖြင့် ကလေးများအား အလုပ်ခိုင်းစေခြင်းအား ဖြစ်ပေါ်စေသည့် အခြေခံအကြောင်း အရင်းများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး စီမံကိန်းသည် ကဏ္ဍပေါင်းစုံမှ တာဝန်တစ်ရပ် အနေဖြင့် ခံယူပြီး တာဝန်ရှိသူများအားလုံးက နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဥပဒေများရေးဆွဲပြီး NGO ၊ INGO များမှစဉ်ဆက်မပြတ် အလေးထား အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊
ကလေးအလုပ်သမားကိစ္စရပ်သည် အလွန်ကျယ်ပြန့်သဖြင့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်တာကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူပြီး အားလုံးပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ကော်မတီလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေး ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီး ဌာနမှ ကလေးအလုပ်သမားပပျောက်ရေးနှင့် သက်ဆိုင်သောအချက်အလက်များအား ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ အဆိုးရွားဆုံးပုံစံနှင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ လုပ်ငန်းခွင်မှ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ လည်းကောင်း၊ ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ လည်းကောင်း၊ ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ လည်းကောင်း၊ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်း ကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးဥပဒေရုံးမှ လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ လည်းကောင်း၊ ကလေးအလုပ်သမားပပျောက်ရေး ကော်မတီအဖွဲ့ဝင် စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး ဗဟိုစာရင်းအင်းဦးစီးဌာနမှ ကော်မတီလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်ကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက ကလေးအလုပ်သမားပပျောက်ရေးကော်မတီ လုပ်ငန်းများဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့ တက်ရောက် လာသူများနှင့် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)