ဘားအံ မတ် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား/ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀:၃၀)အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်နှင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချခြင်းအကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံးမှ ခင်းကျင်းပြသထားသော အိုဇုန်းလွှာပျက်စီးခြင်းကြောင့် လူသားနှင့်ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုများ၊ အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများ၊ အိုဇုန်းလွှာပျက်စီးစေသော ဓာတုပစ္စည်းများအား အသုံးပြုနေရာများ၊ ကမ္ဘာကြီးပေါ်က သဘာဝအလှတရားများနှင့် သားငှက်တိရစ္ဆာန်များအား ထိန်းသိမ်းသင့်ပုံ၊ ကမ္ဘာကြီးပူနွေးလာခြင်း၊ ရာသီဥတုပြောင်းလဲမှုများ၊ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် အချက်များ၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချခြင်း စသည့် အကြောင်းအရာများ ပါဝင်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူ လူငယ်များမှ စိတ်ပါဝင်စားသွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)