(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင်ရွက်

ကော့သောင်း၊ အောက်တိုဘာ ၁

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ရေကြောင်းရဲတပ်ဖွဲ့စု(ကော့သောင်း) မှတပ်ဖွဲ့ဝင်များစုပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ပုလုံးတုံတုံးကျေးရွာအတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး အထိမ်းအမှတ်အဖြစ်စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်းသိရသည်။

ဆောင်ရွက်မှုတွင်  ရေကြောင်းရဲတပ်ဖွဲ့စု(ကော့သောင်း) တပ်ဖွဲ့စုမှူး ရဲမှူး ရဲမင်းထက် ဦးဆောင်မှုဖြင့် အရာရှိ နှင့်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၂၀)ဦးခန့် ပူးပေါင်းကာ ပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူများ  သွေးလွန်တုပ်ကွေး ၊ ငှက်ဖျားနှင့် ဆင်တုပ်ကွေး စသည့် ရောဂါဘယများ ကင်းဝေးစွာ  ပညာသင်ကြားနိုင်ရေး ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းဝင်းနှင့် ကျောင်းပတ်ဝန်းကျင် ခြင်မခိုအောင်းနိုင်ရေး ခြုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်သရိုက်များရှင်းလင်းပေးခြင်း ၊ အမှိုက်များအား မော်တော်ယာဉ်များဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်သည့်နေရာသို့ ပို့ဆောင်ရှင်းလင်းပေးခြင်းများ ဆောင်ရွက်ပေးကြပြီး ကျောင်းသို့အလှူငွေ(၂)သိန်းကျပ် ၊ TZK ဟိုတယ်နှင့်ခရီးသွားကုမ္ပဏီမှ အလှူငွေ(၈) သိန်း ကျပ် ပေးအပ်လှူဒါန်းပြီး ကျေးရွာဘုန်းတော်ကြီးကျောင်း သို့ အလှူငွေ(၁)သိန်းကျပ်နှင့် လှူဖွယ်ဝထ္တုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် အထိမ်းအမှတ်အဖြစ် ကော့သောင်းမြို့၊ အမှတ်(၁၃)ကုတင်(၁၀၀)တပ်မတော်စစ်ဆေးရုံ၌ တပ်ဖွဲ့ဝင်များစုပေါင်း သွေးလှူဒါန်းခဲ့ကြပြီး ဆေးကုသမှုခံယူနေသည့်ရဲတပ်ဖွဲ့ဝင်များအား ဆေးကုသမှု စရိတ်များ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)