ဒေးဒရဲမြို့ (Community Centre)ခန်းမ၌ အောင်မြင်ရေးလောင်စာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁)နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာ ခင်မောင်တိုး (မိုးမိတ်) ရေးသားသည့် အောင်မြင်ရေးလောင်စာ စာအုပ်ပါ ဒုက္ခဆိုတာ ဘဝအတွက် ဓားသွေးကျောက် ဆောင်းပါးနှင့် တကယ်တမ်း အောင်မြင်လိုရင် ဆောင်းပါးများကို  စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာသည့် စာပေချစ်သူများကအပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ရာ လူတိုင်းဒုက္ခနှင့် ကြုံရမှာဖြစ်ပြီး၊ ဒုက္ခကို ရင်ဆိုင်နိုင်တဲ့ အတတ်ပညာ လေ့လာသင်ကြားပြီး ဖြစ်နေသင့်ပါကြောင်း၊ ကြုံတွေ့ရမည့် ဒုက္ခပြဿနာများကို ရင်ဆိုင်ဖြေရှင်းနည်း၊ မိမိလုပ်ငန်းကို အားစိုက်လုပ်ကိုင်ရန်နှင့် အခက်အခဲဖြစ်လာပါက ကျွမ်းကျင်သူများကို အကူအညီနှင့် အကြံဉာဏ်များ ရယူဖြေရှင်းကျော်လွှားကြရန်၊ လောကနယ်ပယ်တိုင်းတွင် အောင်မြင်နေသူများသည် ပါရမီကြောင့် အထွဋ်အထိပ်ရောက်သွားကြတာ မဟုတ်ဘဲ ရည်မှန်းချက်ဖြင့် မိမိအလုပ်ကို ကြိုးစားလုပ်ကိုင်သွားခြင်းကြောင့်ဖြစ်ပြီး တကယ်တမ်း အောင်မြင်ချင်လျှင် မိမိရည်ရွယ်ချက်ကို အောင်မြင်အောင် ကြိုးစားပါ၊ သီးသန့်အချိန်ပေး လေ့လာပါ၊ မိမိအလုပ်ကို အာရုံစူးစိုက်၍  တစ်နေ့ထက်တစ်နေ့ ပိုကောင်းအောင် ကြိုးစားရန် စသည့်သိမှတ်ဖွယ်အချက်များကို ဆွေးနွေးသုံးသပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေဖတ်ရှု့မှု ပိုမိုတိုးပွားလာစေရေး စာဖတ်ဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများ၊ Talk Show များ၊ ဌာနဆိုင်ရာ ရုံးများသို့ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းများကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း