အိမ်မဲမြို့နယ်တွင် နွေရာသီအားကစားအခြေခံသင်တန်းများဆက်လက်သင်ကြားလျက်ရှိ

အိမ်မဲ မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အားကစားခန်းမတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံ သင်တန်းများကို မတ်လ ၆ ရက်နေ့မှ စတင်သင်ကြားပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင်ဆက်လက်သင်ကြားပေးလျက် ရှိသည်။

နွေရာသီအားကစားအခြေခံသင်တန်းများမှာ မြန်မာ့သိုင်း၊ ရိုးရာခြင်းလုံး၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘောလီဘော၊ စားပွဲတင်တင်းနစ်၊ Myanmar Fitness Dance တို့ဖြစ်ကြပြီးယင်းသင်တန်းများကို မတ်လ (၆)ရက်နေ့ မှ မတ်လ (၂၀)ရက်နေ့ထိ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသူ၊ သင်တန်းသားစုစုပေါင်း (၁၁၀)ဦးရှိကြောင်းသိရသည်။

“အိမ်မဲမြို့နယ်မှာထူးချွန်ထက်မြတ်ပြီး နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် နွေရာသီကျောင်းပိတ်ရက် များတွင်ကျောင်းသား၊ ကျောင်းသူများ အားကစားအတတ်ပညာများနှင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတက်စေရန်ရည်ရွယ်၍ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်းနှင့် သင်တန်းကိုမနက်ပိုင်းတွင် ၉နာရီမှ ၁၁နာရီထိတစ်ကြိမ်၊ ညနေပိုင်းတွင် ၃နာရီခွဲမှ ၅နာရီခွဲထိ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်ခွဲ၍ သင်ကြားပေးကြောင်း” မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုး ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ် (အိမ်မဲ)