မြောင်းမြ မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ မြောင်းမြခရိုင်ရုံးလူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ပြည်သူများ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်း သိကောင်းစရာ (Talk Show) ကို ယမန်နေ့ နေ့လယ်(၂)နာရီက ကျင်းပခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာထွန်းက အသေးစားစက်မှုလက်မှုလုပ်ငန်း သိကောင်းစရာ (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလင်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ မှတ်ပုံတင်ရမည့် လုပ်ငန်းများအကြောင်း၊ လုပ်ငန်းရှင်များ ပေးဆောင်ရမည့် အခကြေးငွေများအကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဖြင့် လုပ်ငန်းရှင်များရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ မြောင်းမြခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အသိပညာပေး ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများ၊ လူငယ်စကားဝိုင်းများနှင့် ပြပွဲ၊ ပြိုင်ပွဲများကို သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)