လိပ်သို မတ် ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလတွင် ကျောင်းသား/ကျောင်းသူ လူငယ်လေးများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသား/ကျောင်းသူများအား ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီးနောက် ခုံလုပြိုင်ပွဲ၊ ဘိုးလင်းပစ်ပြိုင်ပွဲ၊ ပူပေါင်းဖောက် ပြိုင်ပွဲနှင့် စစ်တုရင် ပြိုင်ပွဲများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ (၂၄) ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်း အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက် အားလပ်ရက်ရှည်ကာလတွင် ကျောင်းသား/ကျောင်းသူများ အသိ ပညာ ဗဟုသုတ ရရှိစေရေးနှင့် ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများ ပုံမှန်ဆောင်ရွက်ပေးခြင်းနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)